ArticlesMobile Phones
Trending

ကွဲပြားခြားနားတဲ့ ဒီဇိုင်းသစ်၊ ကင်မရာပိုင်း ဘက်ထရီပိုင်းကို အဆင့်မြင့်လာတဲ့ A55 ကို လေ့လာကြည့်မယ်

OPPO က နောက်ထပ် စဖတ်ဖုန်းသစ်ဖြစ်တဲ့ OPPO A55 ဆိုတဲ့ မော်ဒယ်အသစ်ကို ဇွန်လ ၅ ရက်နေ့မှာ ရောင်းချနေပြီပဲဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းကို ကနဦးသိရတဲ့အချက်တွေကတော့ ဒီဇိုင်းပိုင်းဆိုင်ရာကွဲပြားခြားနားမှု၊ ကင်မရာပိုင်းကောင်းမွန်မှုနဲ့ ဘက်ထရီပိုင်းမှာ အားသာချက်တွေပါဝင်တယ်လို့ ကနဦးသိရပါတယ်။ ဒါကြောင့်မို့ OPPO A55 မှာ ဘယ်လိုထူးခြားမှုတွေနဲ့ ဘယ်လို အချက်အလက်တွေပါတယ်ဆိုတာကို အရင်ဦးဆုံးအမြင်အနေနဲ့ A55 ရဲ့ အချက်အလက်အချို့ကို မြင်တွေ့ရသမျှ ပြောပြပေးသွားပါမယ်။

ဒီဇိုင်းပိုင်း

OPPO A55 ရဲ့ ဒီဇိုင်းက လှပတဲ့အရောင်အသွေးနဲ့ OPPO ရဲ့ Glow Design တို့ကိုပေါင်းစပ်ထားတဲ့ ပုံစံဒီဇိုင်းကိုမြင်တွေ့ရမှာပါ။ အနောက်ဘက်ကာဗာရဲ့ အရောင်အသွေးဟာဆိုရင် A55 မှာ အရောင် ၂ မျိုးနဲ့ ဈေးကွက်ဝင်လာမယ်လို့ သိရပါတယ်။ Rainbow Blue နဲ့ Starry Black တို့ပဲဖြစ်ပါတယ်။ Rainbow Blue ရဲ့ ထူးခြားတဲ့အရောင်က သက်တံရောင်လို အပြာရောင်ကနေ အရောင်တွေ စုံလင်စွာပြေးသွားတဲ့ ပုံစံနဲ့ မြင်တွေရမှာပါ။ သူရဲ့ အနောက်ဘက်ကာဗာရဲ့ အရောင်က မှန်လိုကြည်လင်နေပြီး ထူးခြားကွဲပြားတဲ့ ပုံစံမှာရှိနေပါတယ်။ ကျွန်တော်ဆီရောက်လာတဲ့ Unit က Black ဖြစ်တာမို့ Black ရဲ့ အရောင်အသွေးကို ပြောရရင် အနက်ရောင်မှာ OPPO ရဲ့ Glow ဒီဇိုင်းကိုဖန်တီးထားတာမို့ ပြောင်လက်တဲ့ အနက်ရောင်ကို ဖိတ်ဖိတ်တောက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အရောင်အသွေးကတော့ တကယ့်ကို Premium Look ကို ခံစားရမှာပါ။

နောက်တစ်ခုက Build Quality ပါ။ အနောက်ဘက် ကာဗာကို ဖန်တီးထုတ်လုပ်ထားတဲ့ Material က Plastic Material ကို သုံးထားတာပဲဖြစ်ပါတယ်။ ထူးခြားတာက လက်ရာ လုံးဝမထင်တာပဲဖြစ်ပါတယ်။ တကယ်ဆိုရင် ပြောင်လက်လက်ဖြစ်တဲ့ ကာဗာပေါ်မှာ လက်ရာထင်တတ်ကြပါတယ်။ ဒါပေမဲ့လို့ အခု A55 ရဲ့ အနောက်ဘက် ကာဗာမှာ လက်ရာမထင်တာကိုတွေ့ရတယ်။ နောက်တစ်ခုက ကင်မရာ Bump ရဲ့ ဒီဇိုင်းပါ ကင်မရာ Bump ကို အရှေ့က ထွက်ခဲ့တဲ့ A76 လို ကင်မရာ အဝိုင်းအကြီးကြီး ပုံစံဖန်တီးထားတာမဟုတ်ဘဲ ကင်မရာအဝိုင်း ခပ်သေးသေးမှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက်တွေ့ရမှာပါ။ ထူးခြားတာက ကင်မရာတွေကို ကာထားတဲ့ မှန်ကို တစ်ပြေးတည်းမဟုတ်တော့ဘဲ ဘောင်လေးတစ်ခုမြှင့်ပေးထားတဲ့အတွက် ကင်မရာမှန်ကို ထိမိခိုက်မိတဲ့ ဒဏ်ကို အနည်းငယ်ကာကွယ်နိုင်မယ့် ပုံစံမှာရှိပါတယ်။

A55 ကို 3D Curve Design နဲ့ ဖန်တီးထားပြီး ဘေးဘောင်တွေကို ခပ်ဝိုင်းဝိုင်းပုံစံဖန်တီးထားလို့ ဖုန်းကိုင်ရတာ သက်သောင့်သက်သာရှိစေပါတယ်။ ဘေးဘောင်မှာ Fingerprint ကို နေရာချထားတာတွေ့ ရတယ်။ Button တွေကလည်း ထုံးစံအတိုင်းဘေးဘက်မှာနဲ့ ဖုန်းအောက်ဘက် ဘောင်မှာတော့ Studio Jet ,Type C port, Dual Speaker   ၂ လုံးပါဝင်ပါတယ်။ ဒီ Dual Speaker က ဖုန်းအောက်ဘက်မှာပဲပါဝင်ပြီး Stereo Speaker အရည်အသွေးရရှိအောင် ထုတ်ပေးနိုင်တဲ့ Speaker ပဲဖြစ်ပါတယ်။ သူ့ဈေးတန်းထဲမှာ Stereo Speaker အရည်အသွေးပါတာ မဆိုးဘူးလို့ပြောရမယ်။ အသံထွက်ကလည်း တော်တော်ကျယ်တယ်။ ဖုန်းကတော့ ခပ်ပါးပါးတော့မဟုတ်သလို အထူကြီးလည်းမဟုတ်ပါဘူး။ ဘက်ထရီပမာဏများတဲ့ ဖုန်းတွေမှာ တွေ့ရတတ်တဲ့ အထူပါပဲ။ အလေးချိန်က ၁၉၃ ဂရမ်လောက်ရှိတယ်။

ကင်မရာစနစ်

OPPO A55 မှာပါဝင်တဲ့ ကင်မရာက 50 MP ကင်မရာတစ်လုံး၊ 2 MP ကင်မရာ ၂ လုံးပါဝင်ပါတယ်။ 50 MP ကင်မရာက main ကင်မရာဖြစ်ပြီးတော့ 2 MP ကင်မရာ ၂ လုံးက Depth ကင်မရာနဲ့ Macro ကင်မရာတွေပဲဖြစ်ပါတယ်။ 50 MP ကင်မရာပါဝင်လာတာက သူရဲ့ ဈေးတန်းထဲမှာ 50 MP Camera ပါတဲ့ အခြား Brand ကင်မရာတွေနဲ့ ကောင်းကောင်းကြီး ယှဉ်နိုင်မဲ့ အနေအထားမှာရှိတယ်။ အနောက်ဘက်ကင်မရာရဲ့ အရည်အသွေးဟာဆိုရင် လှပတဲ့ ရုပ်ထွက်တွေရရှိတာကိုတွေ့ရပါတယ်။ Pixel Binning Technology ကြောင့်ပဲ ပိုမိုတောက်ပတဲ့ ရုပ်ထွက်ကိုရရှိစေမှာပါ။

အခြားသော Mode တွေဖြစ်တဲ့ Portarit စနစ် Video စနစ် Macro စနစ်တွေကလည်း အလုပ်ဖြစ်တာကိုတွေ့ရတယ်။ အဲ့ဒိထဲမှာမှ Night Mode ကလည်း ကောင်းမွန်ပြီး လုပ်ဆောင်မှု မြန်ဆန်တာကိုတွေ့ရပါတယ်။ Filter စနစ်တွေကလည်း တိုးတက်ကောင်းမွန်လာပြီး အရောင်အသွေးကောင်းမွန်တဲ့ Filter စနစ်တွေ ပါဝင်လာပါတယ်။ Video က Full HD ရိုက်ကူးနိုင်ပြီး 1080 p နဲ့ 720 p ကို ပြောင်းလဲရိုက်ကူးနိုင်ပါတယ်။

အရှေ့ဘက်ကင်မရာက 16MP  ပါဝင်လာလို့ သူ့ဈေးတန်းမှာဆိုရင် ပြိုင်ဘက် Brand တွေနဲ့ ယှဉ်နိုင်ပြီး အသာရတဲ့အနေအထားမှာရှိတယ်။ AI Beautification Mode တွေ Bokeh Effect တွေပါ သုံးလို့ရတယ်။ အလင်းအားနည်းတဲ့အချိန်ပဲဖြစ်ဖြစ် ညဘက်မှောင်နေတဲ့အချိန်ပဲဖြစ်ဖြစ် Selfie ဆွဲရင် Flash အလင်းထုတ်ပေးတဲ့ 360’ Fill Light စနစ်ပါဝင်လာလို့ ညဘက် Selfie ဆွဲချင်သူတွေလည်း တော်တော်လေး အဆင်ပြေစေပါတယ်။

အောက်ဘက်မှာ OPPO A55 နဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ဝေမျှလိုက်ပါတယ်။

Display

A55 ရဲ့ Display က Pouch Hole Display ပါ။ Display အမျိုးအစားက IPS  LCD အမျိုးအစားဖြစ်ပြီးတော့ သူ့ရဲ့ ရုပ်ထွက်အရည်အသွေးက 1600 x 720 pixel HD+ ရုပ်ထွက်ကို ထုတ်ပေးမှာပဲဖြစ်ပါတယ်။ Screen ရဲ့ အရွယ်အစားက 6.51 လက်မရှိတဲ့အတွက် တော်တော်လေး ကျယ်ဝန်းတဲ့ Display အမျိုးအစားပဲဖြစ်ပါတယ်။ Display ကို ပိုကျယ်စေဖို့အတွက် ဘေးဘောင်လေးတွေကို 0.2 mm လောက်လေးဖြစ်အောင် ဖန်တီးထားလို့ Display ကိုပိုကျယ်သွားစေတယ်လို့ သိရတယ်။ အပေါ်ဘောင်ထက်တော့ အောက်ဘောင်က ပိုပြီးကြီးတာကို တွေ့ရပါတယ်။

ဖုန်းရဲ့ အရောင်ထွက် ရုပ်ထွက်အနေအထားကိုပြောရရင် အရောင်အသွေးထုတ်ပေးတာ လှလှပပဖြစ်တာကိုတွေ့ရတယ်။ ကာလာအရောင်အထွက်တွေလည်း မှန်ကန်တာကိုတွေ့ရတယ်။ အလင်းထုတ်ပေးတာလည်း ကောင်းမွန်တယ်။ ခဏတာသုံးကြည့်တာ အဆင်ပြေတာကိုတွေ့ရတယ်။ အပွတ်အစွဲတွေလည်း ချောချောမွေမွေ့ပါပဲ။ 60 Hz အရည်အသွေးရှိတဲ့ Dispaly အမျိုးအစားပါ။

Performance

OPPO A55 ရဲ့ Performance ကိုပြောရရင် သူ့မှာသုံးထားတာ MediaTek Helio G35 Octa-core processor ကို သုံးထားပါတယ်။ ဒီ Processor က Gaming အတွက် အဓိကထားလုပ်ဆောင်ပေးနိုင်သလို AI စနစ်တွေ Connectivity စနစ်တွေနဲ့ Camera စနစ်တွေကို ကောင်းကောင်း အထောက်အကူပေးနိုင်တဲ့ Processor တစ်ခုပဲဖြစ်ပါတယ်။

OPPO A55 မှာ Dual Fluency ဆိုပြီးတော့ စနစ်မြင့်တင်မှုတွေ ပါဝင်တယ်လို့ သိရတယ်။ System booster လို စနစ်တွေ Link Boost 2.0 လို စနစ်တွေ ColorOS 11.1 စနစ်စတာတွေ ပါဝင်လာပါတယ်။ System Booster ထဲမှာတော့ Idle time optimizer လို့ခေါ်တဲ့ ဖုန်းမသုံးတော့တဲ့အချိန် အားသွင်းထားတဲ့အချိန်မှာ System file တွေကို စနစ်တကျဖြစ်အောင်ပြန်လုပ်ပေးပြီး System File တွေ ရှုပ်ထွေးမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဖုန်းနှေးကွေးမှုတွေကို မဖြစ်အောင် လုပ်ဆောင်ပေးတဲ့ စနစ်ပါဝင်ပါတယ်။ နောက်ပြီး Storage Optimizer လို့ ခေါ်တဲ့ ဖုန်းထဲမှာ File တွေများပြားမှု မရှိအောင် ဖုန်း Storage အလဟဿမဖြစ်အောင် စီမံပေးတဲ့ စနစ်လည်း ပါဝင်လာပါတယ်။ နောက်ပြီး UI First ပါဝင်လာလို့ Background App တွေရဲ့ လုပ်ဆောင်မှုတွေကို ချောချေမွေ့မွေ့ဖြစ်လာစေတာမို့ A55 ကို သုံးသူအနေနဲ့ သာမန်ဖုန်းသုံးတာထက်ပိုတဲ့ အဆင်ပြေချောမွေ့မှုကို ရရှိနိုင်တယ်လို့ သိရပါတယ်။

Link Boost 2.0 ကြောင့်ပဲ Connectivity ပိုမိုကောင်းမွန်လာဖို့ ODual-Sim Pro ဆိုတဲ့ စနစ်ပါဝင်လာလို့ Mobile Data အပို့အလွှတ်တွေ ပိုမိုကောင်းမွန်လာပြီး အင်တာနက်ကွန်ရက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာမှာပါ။ နောက်ပြီး Active ဖြစ်နေတဲ့ App တွေကို AI ကနေသိရှိပြီး အဲဒီ App တွေရဲ့ လုပ်ဆောင်မှုတွေ ပိုမိုမြန်ဆန်အောင် လုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။ WIFI နဲ့ Cellular Network တစ်ပြိုင်တည်းဖွင့်ထားရင်တောင် အင်တာနက်ချိတ်ဆက်မှုမြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ WIFI နဲ့ Cellular Network ကို အပြောင်းအလဲ လုပ်တဲ့အခါမှာလည်း မြန်ဆန်တာကြောင့် Data ဖွင့်ထားတာကနေ WIFI ရတဲ့နေရာကို ရောက်တာနဲ့ အလျင်အမြန် ချိတ်ဆက်ပေးနိုင်မှာပါ။ ကွန်ရက်ချိတ်ဆက်နိုင်မှု ကောင်းမွန်အောင်လုပ်ဆောင်ပေးတဲ့ စနစ်တွေပါဝင်လာတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

ColorOS 11.1 မှာလည်း အသုံးပြုတဲ့ User တွေအတွက် ချောမွေ့ကောင်းမွန်တဲ့ Experience ကို ရရှိစေပါတယ်။ Game ကစားတာပဲ ဖြစ်ဖြစ် App အကြီးကြီးတွေသုံးတာပဲဖြစ်ဖြစ် ပိုကောင်းတဲ့ အတွေ့အကြုံကိုရစေပါတယ်။ RAM က 4G ဖြစ်ပြီး ROM က 128 GB အထိရရှိမှာဖြစ်ပါတယ်။ RAM 4GB ဖြစ်လို့ APP အများကြီးဖွင့်ဖို့ အကန့်အသတ်တော့ရှိနိုင်ပါတယ်။

ဘက်ထရီ

 OPPO A55 မှာပါဝင်တဲ့ ဘက်ထရီက 5000mAh ပမာဏရှိတဲ့ ဘက်ထရီပါဝင်ပါတယ်။ ဘက်ထရီပမာဏများတဲ့ ဖုန်းလို့ပြောရမှပါ။ ဘက်ထရီက အသုံးခံပြီး ဂိမ်းကစားသူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ပုံမှန် User တွေအတွက်ဆိုရင်တော့ ဘက်ထရီအသုံးခံနိုင်တာက တော်တော်လေးအသုံးခံပါတယ်။ နောက်ပြီး OS စနစ်ကနေ ပါဝါအသုံးခံအောင်လုပ်ဆောင်တဲ့ စနစ်တွေလည်းပါဝင်ပါသေးတယ်။  ဘက်ထရီ ၅ ရာခိုင်နှုန်းလောက်ကျန်ရင်တောင် အချို့လုပ်ဆောင်မှုတွေကို တစ်နာရီနီးပါးလောက် ထပ်သုံးလို့ရအောင်လုပ်ပေးတဲ့ Super Power Saving စနစ်၊ ဖုန်းမသုံးတဲ့ အချိန်ကို Timer ပေးထားပြီး ပါဝါစားသုံးမှု လျော့ချနိုင်တဲ့ Super Night Time standby စနစ် စတာတွေသုံးပြီးလည်း ဘက်ထရီ ပိုပြီးအသုံးခံအောင်လုပ်နိုင်ပါသေးတယ်။

အားသွင်းစနစ်မှာဆိုရင် 18W Fast charging ပါဝင်တာကြောင့် 5000mAh ပမာဏရှိတဲ့ ဘက်ထရီကို အားသွင်းမြန်ဆန်မှာပဲဖြစ်ပါတယ်။ 0 % ကနေ 100 %  ပြည့်ဖို့အတွက်ဆိုရင်တော့ အချိန် ၁၄၈ မိနစ်ကြာမြင်မှာပဲဖြစ်ပါတယ်။ မိနစ် ၃၀ အားသွင်းရင် ၃၃ % အားပြည့်သွားမှာပါ။ သူ့ဘက်ထရီ ပမာဏနဲ့ဆို မဆိုပါဘူး။ အလုပ်ဖြစ်ပါတယ်။ နောက်ပြီး ညဘက်အားသွင်းထားမယ်ဆိုရင် ဖုန်းက AI  စနစ်နဲ့ အလုပ်လုပ်မှာဖြစ်ပြီး ဖုန်းအား 80 ရာခိုင်နှုန်းလောက်မှာ ခဏရပ်ထားပြီး မနက်ပိုင်းဖုန်းသုံးတဲ့သူ နိုးလောက်မယ့်အချိန်ကို မှန်းစပြီး မနိုးခင်မှာ အပြည့်ပြန်ဖြည့်ပေးထားမှာဖြစ်တာကြောင့် ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို ကြာရှည်ခံနိုင်တဲ့ နည်းပညာစနစ်လည်း ပါဝင်လာပါတယ်။

OPPO A55 ကို ဇွန်လ ၅ ရက်နေ့မှာ မြန်မာပြည်ဈေးကွက်ထဲမှာ စတင်ရောင်းချနေပြီး ဈေးနှုန်းကို ၄၂၂၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အထက်မှာဖော်ပြပေးခဲ့တာတွေကတော့ A55 နဲ့ပတ်သတ်ပြီး ခဏတာ ထိတွေမှုပေါ်မှာ  တွေ့ရှိတဲ့အမြင်တွေနဲ့ ရရှိခဲ့တဲ့ အချက်အလက်တွေကို ပေါင်းစပ်ဖော်ပြပေးထားတာဖြစ်ပါတယ်။ Review မဟုတ်တဲ့အတွက် အကောင်းအဆိုးကိုတော့ ပြောဆိုရေးသားထားတာမရှိပါဘူး။ ဖုန်းဝယ်ဖို့ပြင်ဆင်နေသူတွေအတွက် A55 ဟာ ဘယ်လိုဖုန်းလည်းဆိုတာသိရှိနိုင်အောင် ဖော်ပြပေးထားခြင်းသာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

Back to top button